MON RESEARCH NETWORK

တက္ကသိုလ်များ မွန်သုတေသနကွန်ရက်သည်.....
မွန်ပြည်နယ်နှင့်သော်လည်းကောင်း၊ မွန်တိုင်းရင်းသားများနှင့်သော်လည်းကောင်း ပတ်သက်ဆက်နွှယ်သော သုတေသနလုပ်ငန်းများကို ပိုမိုလွယ်ကူထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက်
ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ သုတေသီများအားလုံးကို သတင်းအချက်အလက်များ ကူညီထောက်ပံ့ပေးနိုင်ရန် ကူညီချိတ်ဆက်ပေးမည့် သုတေသနကွန်ရက်တစ်ခု ဖြစ်ပါသည်။
သုတေသနကွန်ရက်အနေဖြင့် လိုအပ်သော စာအုပ်စာတမ်းများရရှိနိုင်မည့် စာကြည့်တိုက်များနှင့် သုတေသနစင်တာများ၊ အထောက်အထားများ ကြည့်ရှုလေ့လာနိုင်မည့် ပြတိုက်များ၊ စစ်တမ်းကောက်ယူခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်းများအတွက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အွန်လိုင်းသုတေသနကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် 'ပေါင်းကူးသဖွယ်' ကူညီပေးမည့်အစီအစဉ် ဖြစ်ပါသည်။
ထို့ပြင် ဤကွန်ရက်အနေဖြင့် ရေရှည်တွင် သုတေသနလုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းပို့ချမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကိုပါ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများအပေါ်ဦးတည်သည့် တီထွင်ဆန်းသစ်သော သုတေသနလုပ်ငန်းများနှင့် လေ့လာဆန်းစစ်ချက်ရလဒ်များကို တက္ကသိုလ်နယ်ပယ်အခြေပြု ဦးဆောင်ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ထားရှိပါသည်။
ရည်ရွယ်ချက်
တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ သုတေသီများအကြားတွင် မွန်ပြည်နယ် နှင့်/ သို့မဟုတ် မွန်တိုင်းရင်းသားများနှင့် ပတ်သက်ဆက်နွှယ်သော ဘာသာရပ်နယ်ပယ်အသီးသီးမှ သုတေသနလုပ်ငန်းများ ပိုမိုများပြား ကျယ်ပြန့်စွာပေါ်ထွက်လာစေရန်။
၎င်းသုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် သုတေသီများအနေဖြင့် ပိုမို မှန်ကန်၊ မြန်ဆန်၊ ခိုင်လုံ၊ ထိရောက်စေရန် အတွက် သတင်းအချက်အလက်များရရှိအောင် ကူညီချိတ်ဆက်ပေးရန်။